အဖြူအစိမ်း
သောက်ခဲ့ဖူးသမျှဆေးလိပ်တွေထဲ အထက်တန်းကျောင်းသားဘဝမှာသောက်ခဲ့ဖူးတဲ့ဆေးလိပ်က အကောင်းဆုံးလိုလိုပါပဲ။
အဲ့ဒီတုန်းက ကျွန်တော်တို့ အဖြူအစိမ်းကိုယ်စီဝတ်ကြတယ်။ စိတ်တွေကာလာရှင်းသေးတယ်။
ကိုယ်ကြိုက်တဲ့ကောင်မလေးကိုရည်းစားစာလိုက်ပေးမယ်။ အိမ်သာသွားမယ်ဆိုပြီး သဘောကျနေတဲ့သူရဲ့အတန်းရှေ့က တစ်ရက်ကိုသုံးခါလောက်ဖြတ်လျှောက်မယ်။
မုန့်စားဆင်းချိန်ကျောင်းအိမ်သာမှာဆေးလိပ်သောက်မယ်၊ကျောင်းအုပ်ကြီးလာရင်ပြေးမယ်။
မုန့်ဟင်းခါးတစ်ပွဲကိုနှစ်ရာ။
အသင့်ဖျော်ပြီးသားကော်ဖီ တစ်ခွက်တစ်ရာ့ငါးဆယ်။
ကျောင်းကိုစောစောသွား ကျောင်းမတက်သေးခင် ကျောင်းနားကနှစ်ရာတန်လ္ဘက်ရည်ဆိုင်ဝင်ထိုင်မယ်။ဘော်ဒါတွေဆုံအာလူးဖုတ်မယ်။
ကျောင်းတက်ခေါင်းလောင်းထိုးပြီးမှအတန်းထဲဝင် မြန်မာ့ကျောင်းသားသီချင်းကို ပေါက်ကရတွေလျှောက်အော်မယ်။
မိုးရွာရင်ဘောလုံးကန်မယ်။
သောကြာနေ့ကိုကျွန်တော်တို့မျှော်လင့်ကြပေမယ့်
အဲ့ဒီအချိန်မှာ ရည်းစားသနာရှိနေတဲ့သူတွေအတွက်တော့ သောကြာနေ့ကိုမုန်းပြီး တနင်္လာနေ့ကိုချစ်ကြတယ်။
ဒီနေ့ကာယချိန်ပါတာပဲ။
''ကာယချိန် ငါဝင်မယ်''ဆိုတဲ့ သင်္ချာဆရာမရဲ့အသံ။
အဲ့ဒီအသံတွေတောင်မကြားရတာကြာခဲ့ပြီ။
သားကြီး အေခန်းကကောင်က ငါတို့ စီ ခန်းကကောင်ကို မနက်ကဖြဲသွားတယ်တဲ့
အေး ကျောင်းအိမ်သာလား ဘောလုံးကွင်းလား၊ မုန့်စားဆင်းချိန်လား နောက်ဆုံးချိန်လားမေးလိုက်။
ကြိုက်တဲ့ကောင်လာပြီး ကြိုက်တဲ့ကောင်ရွေးလို့ပြောလိုက်။
ထိုးကြကြိတ်ကြ ရုံးခန်းတွေရောက်ကြီး နှစ်ရက်သုံးရက်နေတော့လဲ လည်ပင်းဖက်ပြန်ပေါင်းခဲ့ကြတာပါပဲ။
အဲ့ဒီအချိန်တုန်းက မနက်ခင်းတိုင်းဟာမြူတွေဝေသေးတယ်။
ရန်ကုန်ဆောင်းဟာ အေးသေးတယ်
နွေဟာ မီးလိုမပူသေးတဲ့အချိန်။
မနက်ဆို ပဲပြုတ်သည်အန်တီကြီးက နှိုးတယ်။
ကောက်ညှင်းပေါင်းတစ်ရာဖိုးက မနက်စာဝတယ်။
Mobile phoneတွေ ခုလိုမပေါသေးတဲ့အချိန် အတန်းထဲမှာ mp3ပါလာရင် အဲ့ဒါအကောင်ပဲ။
သားကြီးမင်းစာကျက်လာလား၊
မနေ့ကညထိမင်းတို့နဲ့အတူတူဘောလုံးကန်နေတာလေ ဘယ်လိုကျက်ရဦးမှာလဲ၊
အေး မရလို့ဆရာမရိုက်တော့လဲအတူတူပေါ့ကွာ၊
တစ်ယောက်ချင်းစာမေးမယ်ပြောတဲ့ဆရာမရဲ့အသံ ကျွန်တော်တို့ဆီမရောက်သေးခင် မုန့်စားခေါင်းလောင်းထိုးသွားတဲ့နေ့ဟာ ကျွန်တော်တို့အတွက် luckiest day ever ပဲ။
လပတ်စာမေးပွဲမှာ ရှေ့ဆုံးတန်းက hyperတွေ နှစ်မှတ်လျော့လို့ငိုနေတဲ့အချိန်
နောက်ဆုံးတန်းကကျွန်တော်တို့အားလုံးကပ်ပြီးအောင်လို့ သိန်းထောင့်ငါးရာထီပေါက်သလိုပျော်ခဲ့ကြဖူးတယ်။
အတန်းထဲကကိုယ်ကြိုက်နေတဲ့ကောင်မလေးကျောင်းမလာတဲ့နေ့ဟာ ပျင်းရိစရာနေ့။
တနင်္လာနေ့စစ်ဆေးရေးလာမယ်
နင်တို့ဆံပင်တွေညှပ်ခဲ့ သပ်သပ်ရပ်ရပ်ဝတ်ပြီးလာကြလို့ ဆရာမ မှာတဲ့အသံ။
ဆယ်တန်းသာပြီးသွားတယ် စစ်ဆေးရေးဆိုတာမမြင်ဖူးခဲ့။
စစ်ဆေးရေးဆိုတာ သူငယ်တန်းကနေဆယ်တန်းထိ ခဏခဏကြားဖူးခဲ့ မြင်လဲမမြင်ဖူးခဲ့ပေမယ့်
စာအုပ်ထဲအမြဲတန်းကွက်လပ်ဖြစ်နေတဲ့ကျွန်တော်တို့အတွက် အမြဲတန်းရန်ခုန်ခဲ့ရဖူးတယ်။
Assembleyရှိတယ် မုန့်စားမဆင်းခင်အချိန် hallထဲလာခဲ့ကြ။
Hyperတွေဆီက အသံတွေထွက်လာပေမယ့်
ကျွန်တော်တို့ပျော်ခဲ့ဖူးတယ်။
အဖြူနဲ့အစိမ်းဘဝမှာ ကျွန်တော်တို့ပျော်ခဲ့ကြတယ်။ဖြူစင်ခဲ့ကြတယ်။
ဘဝမှာနှစ်ခါပြန်မရနိုင်တဲ့အချိန်တွေအတွက်
အပြည့်အဝပျော်ခဲ့ကြတာတောင် တစ်ခါတစ်ရံမှာ အပူအပင်ကင်းတဲ့အဖြူအစိမ်းဘဝကို တမ်းတမ်းတတကို ပြန်လိုချင်မိပါရဲ့။
Note: ကျောင်းသားဘဝမှာ ဆေးလိပ်မသောက်ဖူးသေးရင် ဒီစာကိုဖတ်မိတဲ့ညီလေးတွေ စမ်းပြီးမသောက်ကြစေချင်ပါ။
အဖြူအစိမ်းဘဝဆိုတာ နှစ်ခါပြန်မရနိုင်တဲ့ဘဝရဲ့အစိတ်အပိုင်းမို့ လွတ်လွတ်လပ်လပ်ပျော်ခဲ့ပါ။
စာပြီးရင်းစာ စာပြီးရင်းစာ လုပ်နေရတဲ့ဘဝကြီးဟာပျင်းစရာကောင်းပါတယ်။
ဘဝမှာနှစ်ခါပြန်မရနိုင်တဲ့အချိန်တွေအတွက် အမှတ်တရတွေအများကြီးချန်ခဲ့ပါ၊ ဖုန်းတွေပေါနေပြီမို့ ဓာတ်ပုံတွေများများရိုက်ခဲ့ပါ။
အဖြူနဲ့အစိမ်းဆိုတာ အလွန်ဆုံး ၁၆နှစ်၁၇နှစ်လောက်ထိပဲ ဝတ်ခွင့်ရမှာမဟုတ်လား။

Comments
Post a Comment