ခေတ်

ည တည

မိုးကဖွဲဖွဲလေးရွာနေသည်။ ဖေကြီးက You Tubeက သတင်းတွေ ငိုက်မြည်းရင်းနားထောင်နေသည်။ အိမ်မှာတီဗွီပျက်နေသည်။


     စိတ်ဟာ အတိတ်ကိုပြန်ရောက်သွားတယ်။

အဲ့တုန်းက အပါရှိသေးတယ်။ အပါဆိုတာ အဘိုးကိုခေါ်တာ။ အပုဆိုတာ အဘွားကိုခေါ်တာ။လူမျိုးစုအခေါ်အ‌ဝေါ်အရခေါ်ခဲ့သလား အမျိုးတွေကအဲ့လိုခေါ်လို့ လိုက်ခေါ်ခဲ့သလား ကိုယ့်ဟာကိုယ်သေချာမသိ။ အပါ အိမ်ကိုလာတဲ့အခါ ရေဒီယိုအမြဲပါတယ်။ ညနေတိုင်း လမ်းလျှောက်ပြီးတဲ့အခါ ရေဒိယိုကိုနားနားကပ်ပြီး တိုးတိုးလေး နားထောင်တတ်တယ်။အိမ်မှာတိီဗွီမရှိ။

    အဲ့ဒီတုန်းက အာဏာရှင်ခေတ်။ လျှပ်စစ်မီးအလှည့်ကျပေးတယ်။ ဂက်စ်မီးခြစ်‌ဆောင်ရင်ဖမ်းတယ်။ ဆက်သွယ်ရေးအတွက် မြန်မာ့ဆက်သွယ်ရေးကချပေးတဲ့ လမ်းဘေးဖုန်းနဲ့ ကြိုးဖုန်းတွေရှိတယ်။ စာတိုက်ရှိတယ်။ ဟန်းဖုန်းအခွံတစ်လုံးဆယ်သိန်း။ ဆင်းမ်ကတ်တစ်ကတ် သိန်းငါးဆယ်။ စမတ်ဖုန်းမရှိ။ အင်တာနက်မရှိ။ဝိုင်ဖိုင်မရှိ။လိုင်းကားတွေက တစ်မှတ်တိုင်ကိုငါးဆယ်။ အပါက နိုင်ငံရေးသတင်းတွေအမြဲနားထောင်တတ်တယ်။ အပုက စစ်တပ်ဆို သေလောက်အောင်မုန်းတယ်။ ကမ်းခြေက သူ့အုန်းခင်းတွေဧကများစွာကို စစ်တပ်က အသိမ်းခံခဲ့ရကြောင်းပြောတယ်။ သူ့ဘိုးဘွားပိုင်တောတွေတောင်တွေ သိမ်းခံခဲ့ရကြောင်းပြောတယ်။ အဲ့ဒီတုန်းက သန်းရွှေခေတ်မကုန်သေး။ အပုရဲ့နာမည်ကလဲ ဒေါ်သန်းရွှေ။ သန်းရွှေခြင်းနာမည်တူပေမယ့် အပုက ဘုရားတရားလုပ်တယ်။ ကုသိုလ်ကံကတော့မကောင်း။ ဒေါ်သန်းရွှေရဲ့ပိုင်ဆိုင်မှုတွေကို သန်းရွှေရဲ့အပေါင်းအပါတွေကသိမ်းတယ်။ ဖေကြီးရဲ့ကားလဲစစ်တပ်ကသိမ်းတယ်။ အဲ့ဒီတုန်းက ကျွန်တော်မမွေးသေး။

     နှစ်တွေသိပ်မကြာခင် အပါဆုံးတယ်။ အာဏာရှင်စနစ်အောက်ကခဏတာ‌တောင်မလွတ်ခဲ့။ အပုကတော့ လေဖြတ်ရင်း ဆက်ရုန်းကန်ခဲ့တယ်။ ဆယ်နှစ်လောက်အကြာ ရွှေရည်စိမ်ဒီမိုကရေစီရတော့ အပုဟာအိုခဲ့ပြီ။ ဒီပဲယင်းအရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်သတင်းကြားတော့ အပုဟာ တောက် တခေါက်ခေါက်။ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခွင့်ရတော့အပုဟာပျော်ခဲ့တယ်။ နောက်‌ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နိုင်တော့ အပုဟာထပ်ပျော်တယ်။ စစ်တပ် နိဂုံးချုပ်ကြောင်းပြောတယ်။ သိပ်မကြာခင်နှစ်ပိုင်းမှာ အပုဆုံးတယ်။ ကွယ်လွန်ချိန်အထိ သူမုန်းတဲ့အာဏာရှင်စနစ် ရပ်တန့်နိုင်ပြီလို့ ယုံကြည်သွားတယ်။

     နှစ်တွေကြာသွားပြီ။ အာဏာရှင်ကိုမုန်းတဲ့အပုနဲ့အပါလဲမရှိတော့။ အာဏာရှင်ကိုမုန်းခဲ့တဲ့ဖေကြီးဟာ ဒေါ်စုကိုချစ်ခဲ့တယ်။ အာဏာရှင်ကိုမုန်းလို့ ဒေါ်အောင်ဆန်းစုကြည်ကိုချစ်ခြင်းလား ဒေါ်အောင်ဆန်းစုကြည်ကိုချစ်လို့ အာဏာရှင်ကိုမုန်းခြင်းလားကျွန်တော်မသိခဲ့။ တစ်ခုကိုမုန်းတဲ့အခါ ဆန့်ကျင်ဖက်ကိုချစ်ရသလား ကျွန်တော်မသိ။ ကျွန်တော်လဲအာဏာရှင်ကိုမုန်းခဲ့သည်။ အရင်ကဘာကြောင့်မုန်းခဲ့သည်ကိုသေချာမသိ။ မိဘအသိုင်းအဝိုင်းက မုန်းလို့လိုက်မုန်းတာလဲဖြစ်ချင်ဖြစ်မည်။ မကြိုက်သူများ၍ မုန်းလိုက်သည်လဲဖြစ်ချင်ဖြစ်မည်။ မဟုတ်လဲ မိသားစုရဲ့ကြွယ်ဝချမ်းသာခြင်းတွေဆုံးရှူံးခဲ့ရလို့ မုန်းတာလဲဖြစ်နိုင်သည်။ အကျဥ်းခံထားရတဲ့ ခေတ်ရဲ့ အမှောင်ထုကြောင့်မုန်းခြင်းလဲဖြစ်ချင်ဖြစ်မည်။

     နှစ်အနည်းငယ်အကြာ အာဏာထပ်သိမ်းသည်။ ကိုယ်တိုင်လဲမဖြစ်နိုင်လောက်ဘူးလို့ထင်ခဲ့တဲ့ကိစ္စဟာ တကယ်ဖြစ်လာသည်။ အဲ့ဒီနေ့က ဖေကြီး မျက်နှာမကောင်း။ နှလုံးဆေးတွေသောက်ရသည်။ ကျွန်တော်လဲရင်ထဲမွန်းကြပ်သည်။ အလိုမကျခြင်းလား၊ ခံပြင်းခြင်းလား၊ မုန်းတီးခြင်းလား မသဲကွဲသောဝေဒနာသည် ရင်ဘတ်မှာလာစုသည်။

     အခုတော့ အာဏာခိုးမှုဟာခြောက်လကြာပြီ။ ရေပေါ်ဆီလူတန်းစားတွေလဲ သာရာသာရာနေကုန်ပြီ။ တော်လှန်ရေးကိုချစ်လွန်းသူတွေက တောထဲရောက်ကုန်သည်။ တချို့တွေက ထောင်ထဲမှာ အသက်တွေထပ်ရင်းသည်။ ကျွန်တော်တို့လဲ အာဏာရှင်လက်အောက်မှာ။ အခုတော့ ကိုယ်တိုင်လဲ အာဏာရှင်ကိုမုန်းတီးရခြင်းအကြောင်းကို အသေအချာ သိခဲ့ပြီ။ သို့သော်ဒေါ်စုကိုကားမချစ်နိုင်တော့။ ရွှေရည်စိမ်ကာလက သူ့ရဲ့အမှားတွေကိုသိပြီးနောက်မှာ ကိုယ်တိုင်လဲလိုက်မှားခဲ့ကြောင်း နားလည်လာသည်။

    အပါ ရေဒီယိုနားထောင်စဥ်တုန်းက အိမ်မှာ တီဗွီမရှိ။ အခုလဲအိမ်မှာ တီဗွီမရှိ။ ဖေကြီးဖွင့်ထားတဲ့ သတင်းသံသဲ့သဲ့ကြားနေသည်။ အရင်က အပါရေဒီယိုနားထောင်ခဲ့စဉ် အာဏာရှင်လက်အောက်မှာ။ အခု ဖေကြီးသတင်းနားထောင်နေတဲ့အချိန်မှာလဲအာဏာရှင်‌လက်အောက်ရောက်နေပြန်ပြီ။ ခေတ်က ထူးမခြားနား။ ကျွန်တော်တို့ အာဏာရှင်ကို အမြစ်ကမလှန်နိုင်လျှင် ကျွန်တော်တို့သတင်းနားထောင်နေချိန် ကျွန်တော်တို့မျိုးဆက်တွေ အာဏာရှင်လက်အောက်ထပ်ရောက်နေလိမ့်မည်။


Comments

Popular posts from this blog

ကုလားမ

စွဲလမ်းခြင်း

Help us. We are from Myanmar